သွန်လိုသွန်
မှောက်လိုမှောက်နဲ့
အဲဒီလက်ခုပ်ထဲက
တချိန်က
စံပယ်တွေ ဘယ်ရောက်သွားလဲ
တစ်ဖက်စောင်းနင်း
ဆုပ်ကိုင်ပြီး
လက်ဝါးကြီးအုပ်ထားတဲ့
သံသယတွေ အတွက်
လက္ခဏာထဲက လမ်းကြောင်း တစ်ခု
ကိုယ်တိုင်ဆွဲဖြတ်ခွင့်ပြုပါ
အသားမာတက်သွားတဲ့
နူးညံ့မှုတွေအတွက်တော့
စွဲထင်ကျန်ရစ်တဲ့
လက်ဗွေရာတွေပဲ ခါးတယ်
မင်း
မမှားခဲ့ဘူးတဲ့လား
ငါ့ဘက်ကကြည့်ရင်
ဒါ လက်ဖ၀ါး….၊
ညှပ်ထုတ်ပစ်
ရမယ့် လက်သည်း
ယုံကြည်မှုတွေ
ဆေးဆိုးလွဲ ခဲ့သတဲ့
သဲကိုးဖြာ
နာမည်မတပ်ပါနဲ့
နဖူးပေါ်တင်တဲ့
ဘက်ဆိုပေမယ့်
မျက်ရည်ကျရင်တော့
သုတ်ရတာပါပဲ
သစ္စာဖောက် စွပ်စွဲ ခဲ့ပြီးမှ
လက်ဆစ်ခေါက်
မိသလို တောင်းပန်တယ်
မာနတွေ
သွေးကြောထဲ စီးဆင်းနေသရွေ့ 
မွှေးညှင်းစိမ်းတွေလို
များနေဦးမယ့် ပြဿနာ
ထိကပ်လာတဲ့
အနမ်းတွေ ဆေးမတိုးတော့
ငါ
သိပ်ဆိုးခဲ့မိလား
မင်းဘက်က
ကြည့်တော့ ဒါ လက်ဖမိုး…။
တယော
No comments:
Post a Comment