Tuesday 10 January 2012

ရှုခင်းသာ


တောင်လှေကား ကအပြန်
တစ်ဖက် ကမ်းပါးယံက
အသည်းထိတ်အောင် နက်ပေမယ့်
အထက် အာကာယံကတော့
မျက်ဝန်း မမှိတ်ရက်အောင်
တဆိတ်…လှလွန်းတယ်
သူ့ထက်ငါ လှတဲ့ သဘာဝ စင် ထက်
မြပုဝါ လွှမ်းတဲ့ တောင်နဲ့
တိမ်စိုင် ပုလဲ တို့ နှစ်ပါးအက
နောက်ခံ အပြာရောင် ကားချပ် ချတယ်
ခပ်ဖျော့ ဖျော့ ဆလိုက် လင်းသလို
လိမ္မော် ရင့်ရင့်ရောင်စဉ်က
ဝင်လု ၀င်ခင် နေမင်းရဲ့ လက်ရာ
သူ့ အသက်သွင်း အနုပညာနဲ့
အကျည်းတန်တွေ လှပ စေခဲ့
ဆည်းဆာ ချိန် ကြွ ရွ စေခဲ့
တိမ်ဖြူတွေ ‘က’ကွက် ဆန်း
နေရောင်ကို ဖမ်းဝှက် လိုက်တဲ့အခါ
ရွှေအိုရောင် အနားသတ်ဇာနဲ့
အလင်းတွေ လက်လက်ဖြာအကျမှာ
မလွှဲ နိုင် မဖယ် ရက်
ဒီနေရာမှာ ကဗျာ မစပ်ချင်ဘူး
သုံးချောင်း ထောက်၊ ကင်းဗတ်(စ) စနဲ့
စိတ်ရှိတိုင်း ကြဲပက်လို့ရတဲ့
အသွေး အရောင်စုံ စုတ်ချက်တွေနဲ့
ပန်းချီတစ်ချပ် ဆွဲတတ်ချင်တယ်…။ 

တယော

Thursday 5 January 2012

အချစ်ဆိုတာ

တစ်ဖက်သတ်…
အိပ်မက် တ၀က်တပျက်နဲ့
စိတ်ကူးမှာ အပျော်တွေဖူးပြီး
တကယ်က ဥပေက္ခာခူးရသူ

နှစ်ကိုယ်တူ…
အလိုတူ အရှုံး ကိုယ်စီနဲ့
မာနကင်းတဲ့ သစ်သီး ချိုပြီး
အတ္တနဲ့ အသီးခါးကြသူ

တစ်ကိုယ်တည်း...
နာကျည်းမှုတွေနဲ့
တစ်ခိုင်ထဲ သီးခွင့်ရပြီး
တစ်ပင်လုံး အခုတ်ခံရသူ....။ 
တယော

ရေတံခွန်


သူ့ရှင်သန်ပုံက
လုံမပျို ရဲ့ ဆံယဉ်စလို
နွဲ့နှောင်း ဖြာဆင်း
အရောင် အဆင်းတော့ မဲ့တယ် ♠ ♠

မလိုသူတွေ ကဲ့ရဲ့ ကြတယ်
အမြင့်ကခုန်ဆင်း..မိုက်တွင်း နက်သတဲ့
သူ့အတွက်တော့
ရင်ခုန်နေရတာက အရသာ
ကြုံဆုံလာတဲ့ ခလုတ်ကန်သင်းတွေ
သူ့အရှိန်နဲ့ ထိုးခွင်းပစ်လိုက်တယ် ♠ ♠

သူ့ခြေရင်းမှာက ၀ပ်စင်းနေတဲ့
အသူရာနက်တဲ့ ချောက်တစ်စင်း..
သူ့ရင်တွင်းမှာတော့ နေရောင်မလက်တဲ့
လျို့ဝှက်အပ်တဲ့ ဂူတစ်စင်း…
ဒါ..သူရဲ့ ခမ်းနားတဲ့ ပိုင်ဆိုင်ခြင်းတွေပေါ့ ♠ ♠

တချို့က သူ့အတွက်..တောင်စဉ်တွေဖြတ်နင်း
တချို့က ချိုင့်ဝှမ်းတွေ ဆင်း..လို့..
နတ်တို့ ဖန်တဲ့အဆင်း
ညှို့ချက်ပြင်းတဲ့ သူ့သီချင်းနဲ့
အငွေ့အသက်က ငြိမ်းချမ်းအေးမြ
အဝေးကလာသူ အပန်းပြေရတယ် ♠ ♠ ♠

တယော