Monday 28 January 2013

ရိုးဂုဏ်



သူရဲ ရဲ့ ဆောင်မြဲဓားလို
လွယ်ခဲ့...

ခေတ်ကျပ်ကျပ်ရဲ့ လက်ဖျားမှာ
အလွယ်တကူပါသွားမှာ စိုးရိမ်သလိုမျိုး
ခါးပိုက်အိတ်ကို တင်းတင်းဆုပ်ရင်း
သတိကျပ်ကျပ် ထားရဲခဲ့...

တစ်ထည်တည်းသော ၀တ်စုံကသာ
လိပ်ပြာ လုံခြုံစေခဲ့သလို
စွဲစွဲမြဲမြဲ..
အိမ်သူ မျက်စောင်းခဲလည်း
ပြုံးလို့သာ နေခဲ့...

ဘယ်သူပြောနိုင်မလဲ
ပုံပြင်ထဲက ဇာတ်သိမ်းပိုင်း
တစ်နေ့ ရောက်လာမလားဆိုတာ
သားနဲ့ သမီးရဲ့ စူပွပွစကားသံတွေကြား
ခေါက်ရာ ဗလပွနဲ့
အလွတ်ရနေတဲ့ ဆုံးမသံကို ဖြန့်ဖြန့်ပြ
သိပ်လှတာပဲ
ရိုးသားတဲ့ သစ်ခုတ်သမားလေးကသာ
တန်ဖိုးရှိတဲ့ ပုဆိန်တွေရသွားတာ...။

တယော