Friday 27 December 2013

ကတိက၀တ် မလိုတဲ့ သစ်ပင်

ခက်ဖြာလာတဲ့ သစ်ပင်လေးဟာ
ကြည့်မ၀အောင်လှနေ
ဘယ်သူယုယခဲ့သလဲ...
ပန်းပွင့်လေးရဲ့ အသက်ဟာ နားလည်မှုဆိုရင်

အချစ်ကြောင့် မွှေးပျံ့လို့သွားတယ်
တစ်တောလုံး...
ဘယ်ဘက်ကိုင်းဖျားလေး အောက်မှာ
အလိုမကျတိုင်းဝင်ထိုင်နေတတ်တဲ့
စိတ်ကောက်သစ်သီးတစ်လုံးကလွဲရင်
ဘာကိုမှလည်း မငြိုငြင်ချင်ခဲ့
တစ်ယောက်ရင်ထဲ တစ်ယောက်စွဲထားတဲ့ အမြစ်က
ဘယ်လောက်နက်ရှိုင်း တိုးဝင်နေတယ်ဆိုတာ
သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး
ကောင်းကင်ဘယ်လောက်ကျယ်ကျယ်
ကိုယ်တို့ တိုးတိုးလေးပဲ ရယ်နေလိုက်ကြမယ် ။


တယော


၁၇.၁၁.၁၃

အချစ်

ပန်းခင်းရှိရာ အ ရောက်လာခဲ့တယ်
မင်း လက်ထဲက ဓားတစ်စင်းလားကွယ်
စိတ်ချ လက်ချ
မျက်လုံးမှိတ်လို့ အိပ်တော့မယ်
ကမ္ဘာ ပေါ်မှာ နှင်းဆီအနီ တစ်ပွင့်ထဲ ရှိ တော့တဲ့အခါ
ကိုယ့်ကို အိပ် ရာနှိုးပါ
သစ္စာ မေတ္တာရွတ်ဖတ်သံတွေဟာ
ပျံဝဲ နေတဲ့ လိပ်ပြာ

သူ့ပခုံး ထက်မှာ နားပါစေ။


တယော

Sunday 7 April 2013

မိုးဆိုတာ ပြိုတတ်လား


နှင်းပေါက် မိုးပေါက် တစ်ဖြောက်ဖြောက်နဲ့
ဒါတောင် မီးပုံက ငြိမ်းမသွားဘူး အံ့သြစရာ
စိတ်ကူးယဉ်ဇာတ်လမ်းတွေဟာ ပုံပြင်ထဲက ထွက်မလာတော့...
ကြည်နူးစရာအခန်းတွေရောက်တိုင်းရင်ထဲမှာ လှိုက်လှိုက်..
အခန်းထဲက ရှိုက်သံကြားတယ်
ပြတင်းပေါက်ကိုဖွင့်လို့ အလင်းရောင် ကျလာတဲ့အခါ..သေသေချာချာ မြင်ရမှာပဲ
အထင်နဲ့ အမြင်ဆိုတာ နေရာတိုင်းထပ်တူမကျတတ်တော့လည်း
ကိုယ်ဘာကိုမှ ...
တိမ်မည်းတွေ အုပ်စုလိုက် မျက်နှာကျတ်ပေါ်ရောက်နေခဲ့သလား
နွေခေါင်ခေါင် နေခေါင်ခေါင်ကြီး ဘာအလင်းမှရောက်မလာခဲ့
တစ်စက်ပြီး တစ်စက်ကျကွဲသွားတဲ့ ရေစက်လေးတွေအတွက်
နောက်ထပ် ရေစက်လေး တစ်စက်
အပြင်မှာ မိုးမရွာဘဲနေခဲ့သလား  ရွာမနေခဲ့ဘူးလား
ချစ်သူက မေးခွန်းတွေ မေးတာမကြိုက်ဘူး ပြီးတော့
လိမ်တာညာတာ ပြဿနာရှာတာ...
တစ်နေရာရာမှာ စူးမ၀င်နေခဲ့ဘူးလို့ ဘယ်ပြောနိုင်မလဲ
ကိုယ်ကတော့ ကျပျောက်သွားတဲ့ အပ်တွေ ဆက်ရှာနေရမှာပဲ
ဒီနေရာရောက်ရင်..မျက်ခုံးတွေက ပျံသွားတဲ့ ငှက်တွေလို
ဟုတ်ပါရဲ့...
ချစ်သူရဲ့ အိပ်မက်ဟာ ငှက်တွေဖြစ်သွားတာ နှမြောစရာ
တစ်ကောင်လား နှစ်ကောင်လား သေသေချာချာ ရေလို့မရ
ကိုယ်ကတော့ တစ်ကောင်မှ မဖြစ်စေချင်ပါဘူး
ရပ်ငေးကြည့်နေရတာ ရင်နာစရာ
ပြတ်သွားတဲ့ စွန်ကလေးထဲမှာ ယုံကြည်မှုတွေ
ဟက်ဟက်ပက်ပက်ရယ်သံကြားတယ်
ဒါ ဥသျှစ်သီးတစ်လုံးပဲ
စိုးရိမ်စိတ်လွန်ကဲမှုဟာ ဆုံးရှုံးရမှာကြောက်လို့ဆိုတာ
ပုံပြင်ထဲက ယုန်ကလေး သေသွားခဲ့တာလားမေးတော့
ချစ်သူက စိတ်မပူနဲ့တဲ့...............။

တယော

Thursday 14 February 2013

နေရောင် ဝေးတဲ့ကမ်း


ချိတ် တွယ် ပြီးကာမှ
တစ်ယောက် တစ်နေရာ ဝေးရ
အချစ်က
စုံတွဲ သော့ချိတ်ရုပ်ကလေးတွေ

ပိတ်ထားတဲ့ ပုလင်းအလွတ်ထဲက
သက်တံ့ရဲ့ နောက်ဆုံးအစင်းလေး ထွက်ကျလာတယ်ဆို
ဘယ်သူ့ဆီကလို့
သံသယ မဖြစ်လိုက်နဲ့

အရိပ်တွေ ကြွေတဲ့ညတိုင်း
ပန်းတစ်ပွင့် ဖြစ်ခဲ့ဖူးတာကို တသသ
တစ်ဆစ်ချင်း ပြုတ်ထွက်သွားတဲ့
ငွေရောင်ကြိုးလေးဟာ..ကိုယ်ပါ..

ခါတော်မှီ ချိတ်ဆွဲထားတဲ့
နွေဦးဂီတနဲ့ မလိုက်ဖက်စွာ
ကမ္ဘာတစ်ခြမ်းရဲ့ ပြတင်းပေါက်ဘေးက
ဆိုင်းညို့နေတတ်တဲ့ မြူတွေဟာ 
နေရဲ့ အနမ်းနဲ့သာ လင်းစေမှာ..။


တယော

Monday 28 January 2013

ရိုးဂုဏ်



သူရဲ ရဲ့ ဆောင်မြဲဓားလို
လွယ်ခဲ့...

ခေတ်ကျပ်ကျပ်ရဲ့ လက်ဖျားမှာ
အလွယ်တကူပါသွားမှာ စိုးရိမ်သလိုမျိုး
ခါးပိုက်အိတ်ကို တင်းတင်းဆုပ်ရင်း
သတိကျပ်ကျပ် ထားရဲခဲ့...

တစ်ထည်တည်းသော ၀တ်စုံကသာ
လိပ်ပြာ လုံခြုံစေခဲ့သလို
စွဲစွဲမြဲမြဲ..
အိမ်သူ မျက်စောင်းခဲလည်း
ပြုံးလို့သာ နေခဲ့...

ဘယ်သူပြောနိုင်မလဲ
ပုံပြင်ထဲက ဇာတ်သိမ်းပိုင်း
တစ်နေ့ ရောက်လာမလားဆိုတာ
သားနဲ့ သမီးရဲ့ စူပွပွစကားသံတွေကြား
ခေါက်ရာ ဗလပွနဲ့
အလွတ်ရနေတဲ့ ဆုံးမသံကို ဖြန့်ဖြန့်ပြ
သိပ်လှတာပဲ
ရိုးသားတဲ့ သစ်ခုတ်သမားလေးကသာ
တန်ဖိုးရှိတဲ့ ပုဆိန်တွေရသွားတာ...။

တယော