Tuesday 1 May 2012

သတိလက်လွတ်


တချို့ ကျတော့
မြူမှုန်က အစ သဲသဲကွဲကွဲ
တချို့ ကျတော့လည်း
ဂူတစ်ခုလုံးတောင် မမြင်ကြ
အဲဒီနှစ်ခုကြားက
သတိတံခါး ပါးပါးလှပ်လှပ်
လက်ကလွတ်သွားပြီဆိုတာနဲ့
မတော်တဆတွေ အလုံးအရင်း
တစ်ဖက်လူ ဖိနပ်ကို နင်းချင်နင်း
ခလုတ်ကန်သင်းက အစ
လူ၊ လူ ချင်း..
ယာဉ်၊ ယာဉ် ချင်း..
စိတ်၊ စိတ် ချင်း..
တွန်းမိ၊ တိုက်မိ၊ ခိုက်မိ
အရှိုက်ထိသွားခဲ့တဲ့ ဘ၀တွေ
တစ်စုံတစ်ယောက်ရဲ့  အမှတ်တမဲ့က
ပဲ့ကျသွားခဲ့ရတဲ့ အသက်တွေ
လက်ချိုးရေမရအောင် များပြား
လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ ကမ္ဘာပေါ်မှာ
ကံကြမ္မာချိန်းဆိုရာ..အရပ်ကို
ခြေချော်လက်ချော် ထွက်ထွက်သွားကြ
နောင်တ တရားတို့ မဆီးမိုးနိုင်ခင်မှာပဲ
နမော်နမဲ့ ရောဂါဆိုးက
ခပ်လွယ်လွယ် လဲလှယ်ယူသွားလိုက်တာ
တဒင်္ဂနဲ့ တစ်ဘ၀စာ…။

တယော

အရုဏ်မကျင်းခင်


-->
မျက်ဝန်းနှစ်စုံရဲ့ ရာသီက
တောင်သမန် ညနေရီလို
မှုန်သီမှိုင်းဖျော့
သည်အလင်းတွေ လျော့တယ်ဆိုရင်ပဲ
ခွဲရတော့မယ်
ကိုယ့်အရိပ်လေးကလည်း တိတ်လို့
ကိုယ့်စိတ်ကူးထဲကလို သူလည်း
တံတား ဟိုဘက်သည်ဘက်ထိပ်မှာ
မြို့ နှစ်မြို့ ရဲ့  အကွာအဝေးကို ချုံ့ နေလိမ့်မယ်
ရှပ်တိုက်သယ်လာတဲ့ လေပြေအနွဲ့
တောင်ပံခတ်သံ သဲ့သဲ့မှာ
ဘက်ပဲ့ကျန်ခဲ့တဲ့ ငှက်ကလေးတစ်ကောင်
ဘာစကားတစ်ခွန်းမှ မဆိုနိုင်ကြအောင်
တိုးတိတ်ငြိမ်သက်
အင်းရေပြင် ဂယက်ကိုငေးရင်း
လက်ဖ၀ါးတွေ တင်းကျပ်လာခဲ့
ခဏတာ ဖြုတ်ရတဲ့ တွဲလက်ပေမယ့်
ခါးသက်နေဦးမယ့် မနက်ဖြန်တွေအတွက်
အမှတ်တရတချို့ တစ်ဝက်ကို
သူ့အပြန် လွယ်အိတ်ထဲထည့်လွယ်
ကိုယ့် ဆောင်းညအိပ်မက်ထဲသယ်လို့
အလိုမတူပါဘဲ
ဆိုက်ကပ်ခံလိုက်ရတဲ့ ဆည်းဆာ
တစ်ယောက်ရဲ့  နှုတ်ဆက်သံမှာ
တစ်ယောက်က လက်ပြလို့ ကျန်ရစ်တယ်….။

တယော

အလွမ်းစီးသံ


အဝေးက ချစ်သူရဲ့ အလွမ်း
စမ်းရေလို စီးဆင်းလာပုံက
ညင်ညင်သာသာ
ကြင်ကြင်နာနာ လိုက်ပါစီးမျောဖို့
အခက်အလက်တစ်ခုလို ခါအချ
မင်းရင်ခွင်ထဲ ခုန်ချသွားတဲ့
ရွက်ကြွေအစအနတွေက
ကိုယ့်ရဲ့ သတိတရ လွမ်းဆွတ်မှုတွေ။

ပိန်းပိတ်ကျအောင် မိုက်တဲ့ညမှာ
အတွေးတွေ တောင်စဉ်ရေမရ
ဆောင်းညရဲ့  မီးလင်းဖိုလေးကလည်း
ဝေးကျန်ရစ်တဲ့ လရိပ်ကွေးထဲမှာ
နောက်ပြန်ရစ်ရင်းသာ နွေးနွေးနေရ။

အတွေး ရေယဉ်ကြောနဲ့ အတူ
တသွင်သွင်မျောနေတဲ့
တစ်ပွင့်စ နှစ်ပွင့်စတွေထဲ
စိတ်ကူးနဲ့ လိုက်လံဆယ်ယူရတဲ့
ကိုယ့်ဆုတောင်း ၀ှက်ထားတဲ့ကြယ်
ဘယ်မှာလဲကွယ်။

တိုးတိုး ကျယ်ကျယ် ရေစီးသံတွေလို
ရှိုက်သံစွက် အလွမ်းတစ်စုံရဲ့ 
ခပ်သဲ့သဲ့ စီးကျသံက
တစ်တောလုံး တစ်တောင်လုံးညံရင်း
သည်တစ်ညလည်း
အလွမ်းတွေနဲ့ မိုးလင်းပြန်တယ်...။

တယော