Monday 30 April 2012

ဖြူမှာကြောက်တဲ့ စံပယ်


မြူတွေညို့  တဲ့ မနက်က
ရောင်နီ မပျို့ သေးဘူး
လက်ဖ၀ါးက အနွေးဓာတ်က
ရင်ခွင်ထဲ ထွေးဖက်ထားသလို
သွေးကြောထဲထိ နွေးမြလို့
ဆူညံသံကင်းပတဲ့ အရပ်မှာ
တုိးလ်လ် ရင္ခုန္သံ နွစ္ခုသာ
ဖွေးလွလွ စံပယ် နှစ်ပွင့်နဲ့ အတူ
ကြူနေအောင် မွှေးတယ်
မခွဲအတူ ရှိချင်ပါရက်နဲ့
ဆွံ့အနေတဲ့ နှုတ်ခမ်းတွေအစား
မျက်ဝန်းညိုတွေ သီတဲ့ စကားမှာ
မပီဝိုးတ၀ါး ပန်ဆင်ရင်း
မိုးစင်စင်လင်းတဲ့ အခါမှ
ညီမလေး တစ်ယောက်ထဲ
ရနံ့ပျောက် စံပယ်တွေနဲ့ အတူ
သံယောဇဉ်အရောင် မခြယ်လိုသူရဲ့ 
အိပ်မက်ဖြူတစ်ပိုဒ် ဖြစ်ကျန်ခဲ့မှာ
စိုးပါတယ်……..။

တယော

လေတံခွန်


လေအပင့်မှာ
တလူလူ လွင့်လို့ပေါ့…၊

မြင့်သထက် မြင့်ဖို့ အတွက်
ကိုယ်တိုင်ကသာ ကြိုးဆွဲရသူလိုလိုနဲ့
နာရီလက်တံ ပြောင်းပြန်အတိုင်း
တရစ်ချင်း စီးမျောနေခဲ့
အမှီလိုက်နိုင်သူ မရှိသေးသရွေ့ 
မှန်စာတိုက်ထားတဲ့ အားကိုးနဲ့
ယှဉ်သူတွေ ခပ်မိုက်မိုက် ဖြတ်ချထားရင်း
အိပ်တန်းပြန် ငှက်တစ်သိုက်ကိုတောင်
ခပ်လှောင်လှောင် ငုံ့ပြုံး လို့
လေတိုးသံတွေနဲ့ သဟဇာတဖြစ်တိုင်း
တိမ်တွေ ခြေရာတိုင်းနိုင်မယ်အထင်နဲ့
ကြိုတင်ခြေကုပ်မမြဲခဲ့ဘဲ
အပြာရောင် မိုးသားတဆုံး တိုးအ၀င်
ကြိုးစ ကုန်စင်သွားတဲ့အခါ

လေအပင့်မှာ
တလည်လည် လွင့်လို့ပေါ့…။

တယော

လှောင်အိမ်ထဲ မှာ


မှားတယ်လို့တော့ ပြောလို့မရပါဘူး
‘မှန်ကန်’ ဆိုတဲ့ စကားလုံးကို မုန်းတာ
ငါးတွေ အလွန်မှ မဟုတ်တာ…

ဖန်ပုလင်း အကြည်တောက်တောက်ထဲမှာတော့
ဝတ်ရည်ချိုတွေ ကျပျောက်နေတဲ့
လိပ်ပြာတစ်ကောင် ငိုမဲ့မဲ့နဲ့…

မဆိုင်တဲ့ စကားတွေ ကရားရေလွတ်
မိုးတိမ် အဖြူဆွတ်ဆွတ်တွေ ငေးနေတာက
အဖြူရောင် သံဆန်ကာကွက်ထဲက ရွှေဂဲ…

ပုလွေသံနောက် ကောက်ကောက်ပါမိလို့
ပခြုပ်ကို အိမ်လုပ်နေရရှာတဲ့
မာန်စွယ်ကျိုး…အကကောင်းသူ…

အစာရေစာ မပူရပေမယ့်
ရှင်သန်ခြင်း အနှစ်မဲ့ နေတဲ့
အကြည့်ခံ အရှုခံ ဥယျာဉ်ထဲက မျက်ရည်စက်များ…

တံဆိပ်လှလှတွေ စနစ်တကျကပ်
ကျဉ်းကျပ်မှုတွေ အရသာခံရင်း
သံတိုင်နောက်က....အတ္တကိုယ်စီနဲ့
လမ်းမပေါ်မှာတော့ သူတို့တွေ...။

တယော

မှောင်ရိပ် ကျနေတဲ့ မြို့ 




ခိုင်မတ်မယ် အထင်နဲ့
မြို့ရိုးတစ်ထပ် ခတ်ခဲ့တာပဲ
ရင်တစ်ခုလုံး ၀ုန်းဒိုင်းကြဲပြိုကျမှ
အင်အားပြင်း ငလျင်ဗဟိုချက်က
လက်ဝဲဘက် ခပ်နက်နက်မှာဆိုတာ
ဖရိုဖရဲ နဲ့ သိခဲ့ရ
အဲဒီ ကတည်းက
အရုပ်ကြိုးပြတ် မြို့ပျက်ထဲ
အလွမ်းတွေ တအုံ့တမှိုင်းနဲ့
နေထွက်ချိန်တိုင်း မှောင်မိုက်နေခဲ့တာ
ရင်ကိုလာစိုက်တဲ့ မြှားတွေလို
အဆိပ်သွင်းထားတဲ့ အမှန်တရားထဲ
ကျိတ်ရှိုက်ခဲ့ရတဲ့ သက်ပြင်းတွေလဲ
တစ်စင်းပြီး တစ်စင်းကြွေ
လောင်ကျွမ်းရင် ကျွမ်းသွားပါစေ
ကိုယ့်ရဲ့ … ညနေခင်းတွေဆီမှာတော့
ကောင်းကင်အပြည့်ပဲ ခမ်းနားချင်ခဲ့တာ
ခုတော့ အခွင့်မရှိတဲ့ ကြယ်တစ်ခင်း
ပုလင်းထဲမှာ ကျပ်ကျပ်တည်းတည်းလင်းလို့
ပြန်လည်ထူမတ်ဖို့ ကြိုးစားရင်း
အခါခါ ပြိုဆင်းခဲ့ရ
အစကတော့ ကိုယ်လဲ..အငိုလွယ်သူမဟုတ်ခဲ့ဘူး
သူ့တစ်ကြောင်းနှစ်ကြောင်းကဗျာတွေကိုက
တတိတိပဲ့ကြွေကျစေတဲ့ ငလျင်ငယ်တွေ
နေ ပါ စေ တော့
ကြိုးလျော့နေတဲ့ ညာလက်တစ်ဖက်
ကြယ်အသေအပျက်တွေနဲ့
အဲဒီ…ပစ်စလတ်ခတ် မြို့ ပျက်ထဲ
နကတ်အမှားတွေနဲ့ပဲ နေ၀င်မယ်…။

တယော