Monday 17 November 2014

လိပ်ပြာ နုတ်တမ်း





‘ကျွန်တော့်ဘ၀က သိပ်မှောင်တာပဲ’
မဟုတ်တာ၊ ရှင့်မှာ လှပလင်းလက်လွန်းတဲ့ စွမ်းအင်တွေရှိပါရဲ့။
လှတယ် ။ ဒီလိုနာကျင်မှုတွေ သိပ်လှအောင် ဘယ်လိုမှော်ဆရာများလဲ…။

‘ကျွန်တော်တို့ နှစ်ယောက် တော်တော်တူတာပဲနော်’
အဟင်း…ကျွန်မအခုရွတ်လိုက်တဲ့ စာကြောင်းကို ရှင်က ဖတ်နေတယ်..?
တော်တော် အပြောကောင်းတဲ့လူ။ အချက်အလက်တော်တော်များများ တိုက်ဆိုင်နေတာကိုတော့ တအံ့တသြ…။

‘အိပ်ပါတော့ မနှင်းဆီ ၊ ကြယ်ကလေးတွေတောင် မီးမှိတ်လိုက်ပြီပဲ’
အိုး…ဒီလိုပဲ ပေါက်ကရတွေ ပြောနေကျလား…၊ ရှင်နဲ့ စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။
လွပ်လပ်ပေါ့ပါးခဲ့တဲ့ ညချမ်းတွေ…အဓိပါယ်တချို့နဲ့ လဲ့လဲ့လေး မှုန်ရီ…။

‘ဘာဖြစ်လို့ ပျောက်သွားရတာလဲဗျာ…ကျွန်တော့်မှာ……’
မဟုတ်သေးဘူး…ကျွန်မ..မသိခဲ့ဘူး…။ တုန်တုန်လှုပ်လှုပ် ကျောခိုင်းနှုတ်ဆိတ်။ မဖြစ်သင့်ဘူး…ရှင်လိုက်မရှာသင့်ဘူးကွယ်။
သင့်ဆိုတဲ့စကားမှာ အသင့်အနေအထားနဲ့…။

‘ကိုယ် မပျော်ဘူး၊ ကိုယ်လာလို့ ရမလားဟင်’
ပွဲတော်မပြီးခင် ထွက်လာခဲ့မယ်…မနေ့ကလိုပဲ သူ့လက်ဖ၀ါးထဲ စံပယ်တွေယူခဲ့ပေါ့။
မျက်လုံးတွေ အသုံးမ၀င်တော့ဘူးကွယ်။ တင်းတင်းဆုပ်ထားတဲ့ အင်အားတွေနဲ့ မြူထူထူထဲက ခြေလှမ်းတွေ…။

‘သနားပါတယ် ဒါတွေအားလုံးဟာ ကိုယ့်ကြောင့်...’
ဟင့်အင်း…မပြောပါနဲ့။ တစ်ယောက်တစ်ကိုက် စားခဲ့မိပြီပဲ။ ဟောသည် ဥယျာဉ်ကထွက်ခွာရတာ နည်းနည်းမှ ၀မ်းမနည်းမိဘူး ယုံ။
ရှေ့ကလမ်းတွေ ခက်ထန်ပါစေတော့။ မြတ်နိုးအားကိုးစိတ်တွေနဲ့ တစ်သက်စာမိုးမယ့် အရိပ်လေ လား...။

‘ကြည့်ပါဦး ဒီမှာ ကောင်မလေးတစ်ယောက် တစ်ကောက်ကောက်လိုက်နေတာ’
ဒါဆိုဟောသည်ပုံကရော ကောင်လေးတစ်ယောက် ဆံပင်တွေ ခိုးနမ်းနေတယ်။
အဲသည် ခဏ ကိုယ့်ဝိညာဉ်ကို ဆွဲညှို့ ချုပ်ကိုင်ထား၊ သူ့လိပ်ပြာဟာ ကိုယ့်အပါးမှာ ။ အဲ့သည်ခဏဟာ…ညနေခင်းပေါင်းများစွာ ချမ်းမြေ့ ကြည်နူးလို့သွား…။

‘ကိုယ့်ဆီမှာ စိတ်တွေ တအားကြီး ပုံမထားနဲ့လေ’
ဟင်။။မှန်ထဲက အရိပ်လေးဆိုလို့ သူငိုရင် ငို၊ သူပျော်ရင် ရယ်၊ ငြိတွယ်ခြင်းကို ဘာလို့ ထိန်းချုပ်ကန့်သတ်ချင်ရလဲ။ ခုချိန် သိပ်နောက်ကျသွားပြီ။
လက်ထဲက ဗျပ်စောင်းလေး လွတ်ကျသွားခဲ့။ ဘယ်အချိန်က စောင့်နေမှန်းမသိတဲ့ မီးစဟာ သူ့အလှည့်တဲ့…။

‘စိတ်မပူနဲ့။ စိတ်မပူပါနဲ့။ ကိုယ်တို့က………’
အို..ကိုယ်ကိုယ်တိုင်က အငိုလွယ်နေမိတာပါ။ မိုးဆိုတာ မပြိုတတ်မှန်း မသိတဲ့ ယုန်အလေးပေါ့။
ယုံကြည်မှုကို သူ့လက်ထဲအပ်ပြီးတဲ့နောက် ကိုယ့်မျက်လုံးကို မယုံတော့။ ကိုယ့်နားတွေကို မယုံတော့။ ကိုယ့် နှုတ်ဖျား ကိုယ်မယုံတော့။ တကယ်တော့ ကိုယ်က အယုံမလွယ်ခဲ့သူ…။

‘မုန်းပစ်လိုက်ပါ။ ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့တော့။’
ကိုယ် ခေါင်းငြိမ့်လိုက်ရမှာလား မျက်လုံးမှိတ်လိုက်ရတော့မှာလားကွယ်.. အဲဒီမြှားချက်မသင့်ခင်ကတည်းက သေစေလောက်တဲ့ ဒဏ်ရာကြီးနဲ့။
ပွင့်လက်စ ပန်းရုတ်တရတ် ကြွေကျသွား၊ အရှိန်အဟုန်ပြင်းပြင်းနဲ့မြစ် ထူးခတ်ပစ်လိုက်သလိုပေါ့။ ဒီနေရာမှာ ရပ်လိုက်တော့ဆိုလို့ ငြိမ်ငြိမ်သက်သက် နှလုံးသွေးရပ်ပေးလိုက်ရ…။

‘ကိုယ် သွားတော့မယ်..ကိုယ့်စိတ်ထဲမှာ မင်းအမြဲရှိနေမှာပါ..’
ကိုယ့် အသံကိုယ် နှုတ်ခမ်းနဲ့ကိုက်ထားလိုက်တယ်…တစ်လှမ်း နှစ်လှမ်း…ခြေလှမ်းပေါင်းများစွာ
ကျစ်ကျစ်ပါအောင် ပိုက်ထားတဲ့ ခြေထောက်တွေ..နာကျင်နေတဲ့ရင်ကို တင်းတင်းဖိထား..မခေါ်ဘူး မခေါ်တော့ဘူးကွယ်…

ရယ်ပြီးရင်ငိုရတာ ဘ၀လား
တစ်ဘ၀လုံး ငိုရဖို့အတွက်
ရယ်ချိန် တိုတောင်းလိုက်တာ
ဖြည်ချလိုက်တဲ့ လက်ဟာ ဗလာ
ဘာအတွက် ရပ်ကြည့်နေမိလဲ
တွယ်ရာမဲ့…။

တယော

Friday 3 October 2014

ပျောက်ဆုံးခြင်း


အပြေးအလွှားနဲ့ တခုခုကို ရှာနေတယ်
အိပ်မက်ထဲမှာ များလား
ဖြတ်သွားတဲ့ လူတစ်ယောက်ရဲ့ လက်ထဲမှာ
ရေသန့်ဗူး တစ်ဗူး
'ရေဗူး မပါဘူးလား ဘယ်လိုဖြစ်တာလဲ'
အို
လှည့်ကြည့်မိတဲ့ ခေါင်းဟာ ချာချာလည်
ကျောပိုးအိတ်ထဲ အမြဲပါတတ်တဲ့
1 liter ရေဗူးလေးတွေ...
မဟုတ်ဘူး ဒါ...မဟုတ်သေးဘူး
ရေဟာ အလွယ်တကူ ၀ယ်သောက်လို့ရမှာပါ...

မြည်တွန်တောက်တီးနေတဲ့ ကောင်လေး
ငိုမဲ့မဲ့ ညီငယ်လေး
'မင်းကြောင့် ငါရှုံးပြန်ပြီ။
ဘယ်တော့မှ လာမဆော့နဲ့'ဆိုပြီး
မကြာခင် ခေါင်းချင်းဆိုင်သွားတတ်တဲ့
သံယောဇဉ်ကိုငေး
ခေါင်းကို ဖြည်းဖြည်းချင်း
မဖြစ်နိုင်ဘူး
အစားထိုးစရာ ကစားနည်းတွေ သိပ်ကိုပေါများတာပဲ...

ခပ်ကြပ်ကြပ် ရထားတစ်စင်း
နဖူးနဲ့ ထိကပ်လုမတတ် နှုတ်ခမ်းတစ်စုံ
တစ်ဘူတာမှာ ဘယ်နှခါ တံဆိပ်ခတ်မိပါသလဲ
အသံထွက်တဲ့ အထိရယ်မိတယ်
ကြည်ကြည်နူးနူး
ဒီနေရာမှာ ကိုယ်ခရီးဆုံးပြီထင်လိုက်ရဲ့
လွတ်ဟာသွားမယ့် တံခါးထောင့်လေးမှာ
လွတ်ထွက်သွားမယ့် အကြည့်တွေထဲ
စူးစိုက်ပြီး..ရှာ
ထိခိုက်ဆွတ်ကျင်လာခဲ့
သူ...သူဟာ
တစ်ယောက်ထဲ နေသားကျပြီးသား...

ယှဉ်ချွတ်ထားတဲ့ ဖိနပ်နှစ်ရံ
မညီမညာ ကျောက်တုံးလေးတွေ
ရယ်သံတွေကတော့ ညီညီညာညာ
နေရာကို ရေတွက်ရင်းရှာနေမိတယ်
ခြေရာတွေထပ်နေတဲ့ ပန်းခြံလေးမှာ
ရောက်ခါစညရဲ့ ရေကန်ဘေးမှာ
နောက်...
တောအုပ်တောင်ကုန်းလေးရဲ့ တစ်ဖက်မှာ
'လာ အတူတူပြေးစို့'
ချွန်ထက်တဲ့ ကျောက်တုံးတွေထက်
တွဲထားတဲ့လက်ကို မဖြုတ်ခဲ့သင့်ဘူး
ကိုယ်... ငိုင်နေမိတယ်...

မျော်လင့်ချက် ခပ်ယဲ့ယဲ့
အာလူးကြော်ဗူး ထဲမှာလား
အ၀ါရောင် စွပ်ပြုတ်တွေလား
Orchard လမ်းမကြီးပေါ်က ရန်ပွဲလား
ဒီလိုဆို သူနဖူးကြောတွေ ရှုံ့နေတော့မှာ
အိမ်ပြန်နောက်ကျခဲ့ရတဲ့
Bus stop တစ်ခုမှာတော့ မဟုတ်လောက်ဘူးထင်ရဲ့
ပန်းခြံထဲက အုတ်ခုံလေး
တစ်ယောက်တစ်လှည့် ခေါင်းအုံးခဲ့ကြတဲ့
ထိုင်နေကျ နေရာ
ကိုယ်...မသိတော့ဘူး
ခြေထောက်တွေက လျောက်နေကျလမ်းကို တိုးဝင်ခဲ့
သိပ်ချစ်ရတဲ့ ဘူတာလေး
လက်ထဲက အထုပ်ထဲမှာ နွေးထွေးခြင်းလား
ဈေးထဲက ခေါက်တုံ့ခေါက်ပြန် လက်တွဲတစ်စုံ
အပြုံးတွေက မျက်ဝန်းတွေဆီမှာ
ထမင်းစား စားပွဲလေး.... ရယ်သံတွေ
ရေခဲနေတဲ့ ကိုကာကိုလာဗူး
သိပ်ကို မူးနောက်လာခဲ့
မရှာနိုင်တော့ဘူး....မရှာနိုင်တော့ဘူးလား
ဖိနပ် အနီလေး
နောက် ဦးထုပ်အနီ၊ အကျီ င်္အနီ
ကိုယ်တို့ဟာ ချစ်ဦးသူတွေလည်း မဟုတ်ပါဘဲနဲ့ကွယ်
နှာခေါင်းသွေးကျတဲ့ နေရာရောက်တော့
ငိုမိတယ်
သည်းသည်းထန်ထန်
ငရဲဆိုတာ ရှင်လျက်နဲ့လည်း ကျတတ်သလိုမျိုး
ရင်ထဲ စွဲနင့်ရဆုံး အပိုင်းဟာ
ဘယ်တော့မှ သတိမရချင်ဆုံး အပိုင်းပဲ
ဒီနေရာမှာ မရှာဘဲ တွေ့လိုက်ရပြီ...။

တယော

Saturday 5 July 2014

ဆက်ကနေဦးမှာ




သိပ်နေနိုင်တာ
ကိုယ့်သီချင်းကို ရပ်လိုက်ရင်လည်း
သူက ဆက်ကနေဦးမှာ သိတယ်
သူ့မှာ ကကွက်အဆန်းတကျယ်တွေ
တညပြီးတည မမောစတမ်း
တော်ရုံနဲ့ သတိထားမိဦးမယ်မထင်ဘူး
ကိုယ်ကပဲ မနေနိုင်လို့ ပြန်ဆိုနေမိမှာ
ကုသိုလ်ချင်းမှ မတူဘဲ
သူက မကြည့်ဘဲ မနေနိုင်လောက်အောင်
နှုတ်ခမ်းကို ကိုက်မိတယ်
ကိုယ်တစ်ယောက်ထဲ အတွက်မှ ...
သီချင်းသံက တဖြည်းဖြည်းတိမ်ဝင်သွား
သူက ဂရုမထားမိ သလိုပဲ...
ရပ်လိုက်တော့မယ်
လှည့်ထွက်ခဲ့မယ်
ဒါမှ သူအကကို ရပ်လိုက်မှာ
ကိုယ့်ကို လိုက်ရှာ နေမလား
အမိုးစွန်းလေးနဲ့ နီးရင် သိပ်ကောင်းမှာပဲ
အလွယ်တကူ သူလိုက်လာနိုင်မှာ
ခုတော့..
သီချင်းသံ တိုးတိုးလေး
ရေစပ်က ခုံတန်းပေါ်မှာ
နားကိုစွင့်ထားလိုက်တယ်
ဒီနေ့ကျမှ လေတွေ တအားတိုက်နေသလို
ဖြတ်သွားဖြတ်လာ သူစိမ်းတွေချည်းပဲ
ဒီနေရာမှာ ကိုယ်ရှိနေတာ ဘယ်သူမှ မသိကြဘူး
ဒါ ကိစ္စ မရှိဘူး
အဲ့ဒီ နေရာမှာ ကိုယ်မရှိတော့တာ
သူ သိမှာပါ
သီချင်းနောက်တစ်ခေါက်ပြန်စတယ်
နားလည်ပေးဖို့ စိတ်မရှည်တဲ့သူ့ကို
ကိုယ် နားလည်ပါတယ်
မျက်ရည်ခဏခဏ၀ဲတာကိုယ်လည်း မကြိုက်ဘူး
တစ်ခါလောက်တော့
နှလုံးသားချင်း လဲကြည့်ချင်မိတယ်
သီချင်းသံဟာ အက်လာပြီ
ခုံတန်းလေး မှောင်နေပြီ
သူ မလာတော့ဘူး
သူ့မှာ လဲစရာ နှလုံးသားမရှိဘူး
ပြန်လှည့်လာမှာသိတဲ့ သီချင်းသံကို စောင့်နေတော့မှာ
ဒါမှမဟုတ်
စောင့်မနေဘူး
သိပ်နေနိုင်တယ်
သီချင်းကို ရပ်လိုက်ရင်လည်း
သူက ဆက် က နေ ဦး မှာ ....

တယော