Tuesday 11 September 2012

သစ်ချိုသီး



 ဗလာ မျက်နှာချန်ပြီး
စာရွက်လှန်နေရတဲ့ ဒိုင်ယာရီ
နွေရာသီ နောက်တစ်ခေါက်ရောက်ပြန်ပြီ

ရွေ့လျားနေတဲ့နံပါတ်တွေထဲ
မလိုချင်တဲ့အိပ်မက်ကိုပဲ
တွေတွေဝေေ၀ ဆုပ်ကိုင်ထားရ
အဲဒီ မီးအိမ်ပြပြ လင်းတဲ့လမ်းက
ခြေလှမ်းတိုင်း လှစေနိုင်ပေမယ့်
စိတ်သွားတိုင်း ကိုယ်ပါမယ်မထင်ဘူး

မျှော်လင့်ချက်ကြီးကြီး ခတ်ထားတဲ့
မျက်ဝန်းနှစ်စုံက
ဖြည်မရ ရုန်းမရနိုင်
ဘ၀ကို ခပ်ငိုင်ငိုင်ငေးမိတယ်

ဦးစားပေးစရာတွေနဲ့
မတင်းတိမ်နိုင်တဲ့ လောဘတွေနဲ့
ချွန်ဖို့မေ့နေတဲ့ ခဲတံလေး
စိတ်ရှိတိုင်း မပြေးနိုင်တဲ့အခါ
လက်ရေးလှလှ မြင်တိုင်း
လိုက်ငေးမိတယ် အငမ်းမရ
ဒီ့ထက် ဘာမှပိုမလှတော့
ဘ၀ဆိုတာ
ကိုယ့်အရသာနဲ့  ကိုယ်
တစ်လုံးတလေသာ ချိုနိုင်ရဲ့ ။

တယော