Friday 3 October 2014

ပျောက်ဆုံးခြင်း


အပြေးအလွှားနဲ့ တခုခုကို ရှာနေတယ်
အိပ်မက်ထဲမှာ များလား
ဖြတ်သွားတဲ့ လူတစ်ယောက်ရဲ့ လက်ထဲမှာ
ရေသန့်ဗူး တစ်ဗူး
'ရေဗူး မပါဘူးလား ဘယ်လိုဖြစ်တာလဲ'
အို
လှည့်ကြည့်မိတဲ့ ခေါင်းဟာ ချာချာလည်
ကျောပိုးအိတ်ထဲ အမြဲပါတတ်တဲ့
1 liter ရေဗူးလေးတွေ...
မဟုတ်ဘူး ဒါ...မဟုတ်သေးဘူး
ရေဟာ အလွယ်တကူ ၀ယ်သောက်လို့ရမှာပါ...

မြည်တွန်တောက်တီးနေတဲ့ ကောင်လေး
ငိုမဲ့မဲ့ ညီငယ်လေး
'မင်းကြောင့် ငါရှုံးပြန်ပြီ။
ဘယ်တော့မှ လာမဆော့နဲ့'ဆိုပြီး
မကြာခင် ခေါင်းချင်းဆိုင်သွားတတ်တဲ့
သံယောဇဉ်ကိုငေး
ခေါင်းကို ဖြည်းဖြည်းချင်း
မဖြစ်နိုင်ဘူး
အစားထိုးစရာ ကစားနည်းတွေ သိပ်ကိုပေါများတာပဲ...

ခပ်ကြပ်ကြပ် ရထားတစ်စင်း
နဖူးနဲ့ ထိကပ်လုမတတ် နှုတ်ခမ်းတစ်စုံ
တစ်ဘူတာမှာ ဘယ်နှခါ တံဆိပ်ခတ်မိပါသလဲ
အသံထွက်တဲ့ အထိရယ်မိတယ်
ကြည်ကြည်နူးနူး
ဒီနေရာမှာ ကိုယ်ခရီးဆုံးပြီထင်လိုက်ရဲ့
လွတ်ဟာသွားမယ့် တံခါးထောင့်လေးမှာ
လွတ်ထွက်သွားမယ့် အကြည့်တွေထဲ
စူးစိုက်ပြီး..ရှာ
ထိခိုက်ဆွတ်ကျင်လာခဲ့
သူ...သူဟာ
တစ်ယောက်ထဲ နေသားကျပြီးသား...

ယှဉ်ချွတ်ထားတဲ့ ဖိနပ်နှစ်ရံ
မညီမညာ ကျောက်တုံးလေးတွေ
ရယ်သံတွေကတော့ ညီညီညာညာ
နေရာကို ရေတွက်ရင်းရှာနေမိတယ်
ခြေရာတွေထပ်နေတဲ့ ပန်းခြံလေးမှာ
ရောက်ခါစညရဲ့ ရေကန်ဘေးမှာ
နောက်...
တောအုပ်တောင်ကုန်းလေးရဲ့ တစ်ဖက်မှာ
'လာ အတူတူပြေးစို့'
ချွန်ထက်တဲ့ ကျောက်တုံးတွေထက်
တွဲထားတဲ့လက်ကို မဖြုတ်ခဲ့သင့်ဘူး
ကိုယ်... ငိုင်နေမိတယ်...

မျော်လင့်ချက် ခပ်ယဲ့ယဲ့
အာလူးကြော်ဗူး ထဲမှာလား
အ၀ါရောင် စွပ်ပြုတ်တွေလား
Orchard လမ်းမကြီးပေါ်က ရန်ပွဲလား
ဒီလိုဆို သူနဖူးကြောတွေ ရှုံ့နေတော့မှာ
အိမ်ပြန်နောက်ကျခဲ့ရတဲ့
Bus stop တစ်ခုမှာတော့ မဟုတ်လောက်ဘူးထင်ရဲ့
ပန်းခြံထဲက အုတ်ခုံလေး
တစ်ယောက်တစ်လှည့် ခေါင်းအုံးခဲ့ကြတဲ့
ထိုင်နေကျ နေရာ
ကိုယ်...မသိတော့ဘူး
ခြေထောက်တွေက လျောက်နေကျလမ်းကို တိုးဝင်ခဲ့
သိပ်ချစ်ရတဲ့ ဘူတာလေး
လက်ထဲက အထုပ်ထဲမှာ နွေးထွေးခြင်းလား
ဈေးထဲက ခေါက်တုံ့ခေါက်ပြန် လက်တွဲတစ်စုံ
အပြုံးတွေက မျက်ဝန်းတွေဆီမှာ
ထမင်းစား စားပွဲလေး.... ရယ်သံတွေ
ရေခဲနေတဲ့ ကိုကာကိုလာဗူး
သိပ်ကို မူးနောက်လာခဲ့
မရှာနိုင်တော့ဘူး....မရှာနိုင်တော့ဘူးလား
ဖိနပ် အနီလေး
နောက် ဦးထုပ်အနီ၊ အကျီ င်္အနီ
ကိုယ်တို့ဟာ ချစ်ဦးသူတွေလည်း မဟုတ်ပါဘဲနဲ့ကွယ်
နှာခေါင်းသွေးကျတဲ့ နေရာရောက်တော့
ငိုမိတယ်
သည်းသည်းထန်ထန်
ငရဲဆိုတာ ရှင်လျက်နဲ့လည်း ကျတတ်သလိုမျိုး
ရင်ထဲ စွဲနင့်ရဆုံး အပိုင်းဟာ
ဘယ်တော့မှ သတိမရချင်ဆုံး အပိုင်းပဲ
ဒီနေရာမှာ မရှာဘဲ တွေ့လိုက်ရပြီ...။

တယော