Thursday, 22 November 2012

ဂစ်တာနှစ်လက်၊ ဆယ့်နှစ်ကြိုး၊ သီချင်းတစ်ပုဒ်


(ဒီဇင်ဘာ)

နှင်းကျချိန်မှာ ကပ်ကျန်ရစ်တဲ့
ရေစက်ကလေးတစ်စက်
ပြက္ခဒိန် စာရွက်တွေထက်က
လမင်း တစ်ပတ်စာ ခရီးစဉ်ထဲ
ပန်းရောင်စုံ ပွင့်ဖတ်တွေသာ
တဖွဲဖွဲ ကြွေဆင်း
တိမ်ညိုတွေလည်း ကင်းခဲ့တယ်..၊


(ဇန္ဒ၀ါရီ)

သက္ကရာဇ်ရဲ့  အဦးအစ
ဖူးသစ်စ နေရောင်အောက်မှာ
ခရီးစလျှောက်ရအောင်
တောင်စွယ်မှာ
ပုစွန်ဆီရောင် ခြယ်လွှမ်းချိန်ရောက်လည်း
မမောစတမ်း ဆက်လျှောက်ကြမယ်
ဟော ဟိုမှာ တောက်ပနေတဲ့ ကြယ်..၊


(ဖေဖော်ဝါရီ)

တစ်ယောက်က တစ်ယောက်ရဲ့ 
မှန်တစ်ချပ်လို
အလင်းစက်ကကြိုးတွေရဲ့ 
ရောင်ပြန်ဟပ်ခြင်းမှာ
နေ့တွေ ညတွေ အသက်သွင်းလို့
အရောင်အဆင်းမဲ့ခဲ့တဲ့ ကိုယ့်ကမ္ဘာ
သက်ဝင်လှပ လာစေခဲ့တာ
ဒါ အံသြ စရာတော့လည်း မဟုတ်ခဲ့..၊


(မတ်)

ဘ၀အဆက်ဆက် ဆုတောင်းကတည်းက
အကြာင်းပါလာတဲ့ ရေစက်
ကိုယ့်ရဲ့  စွယ်တော်ရွက်တစ်ခြမ်း
မြစ်ကမ်းနဖူးဘေးမှာ
ကွဲကွာသွားတဲ့ ဖိနပ်ကလေးတစ်ရံရဲ့ 
အမှတ်မထင် ပြန်ဆုံမှုလို
ပျော်ရွှင်ခြင်းတွေကိုပဲ အခါခါ ထုဆစ်နေမိတယ်..၊


(ဧပြီ)

မိုးမလင်းသေးဘူး
နေခြည်ဖြာ စိတ်ကူးနဲ့ပဲ
အိပ်မက်တွေဟာ လင်းတစ်လှည့်
အပြင်မှာ မှောင်နေတယ်ဆိုတာ ကိုယ်မသိဘူး
အာရုံတွေ မဖူးပွင့်လက်စနဲ့ ရှိပါစေ
ဟိုးအဝေးက မှိန်လက်လက်လေးဟာ
တချိန်ကျ
ကိုယ်ပိုင်တဲ့ ကမ္ဘာငယ်လေးထဲ
အတောက်ပဆုံး လင်းမြနေမှာ..၊


(မေ)

အ၀ါရောင် မှတ်တမ်းမှာလည်း
အလွမ်းတွေက မီးညွန့်မီးလျှံ
မနက်ဖြန် အိတ်ပေါက်ထဲကိုပဲ
မျှော်လင့်ချက်တွေ အိတ်သွန်ဖာမှောက်
သစ်ရွက်ခြောက်တွေကိုတောင်
စိတ်ရှည်လက်ရှည် ရေတွက်ခဲ့ကြပြီ
မျက်ရည်တွေ သွန်ချထားခဲ့
ဟောသည်က နွေနိမိတ်အလွန်မှာတော့
တစ်ရုံလုံးမွှေးဖို့ စောင့်နေတယ်..ဇွန်..၊


(ဇွန်)

ရင်ဘတ်ထဲက စိမ့်ထွက်လာတဲ့ အလင်း
သူ့လက်ဖျားက စီးဆင်းတယ်
ကိုယ်ဘယ်တော့ မြစ်တစ်စင်းဖြစ်ခွင့်ရမလဲ
ထောင့်ပေါင်းစုံက တောက်ပနေတဲ့
ကြယ်ဗူးလေးထဲ
ကိုယ့်နာမည် ပါမလာသေးဘူး
ရင်ချင်း နားလည်ကြတယ် ဆိုပေမယ့်
အမြတ်တနိုး မှုန်းခြယ်ထားတဲ့ သင်္ကေတ
အိမ်ရှေ့ မှာ ချိတ်ဆွဲခွင့်ရချင်တယ်..၊


(ဇူလိုင်)

အပြင်မှာ တိုးတိုးလေး
တစ်ချက်ချင်း ညှိတဲ့ကြိုးပဲ စိတ်ဟာ
သူအိပ်မောကျရာ အရပ်မှာ ရွာကျ
ခြေသံဖွဖွ ကြားတယ်
ပါးမှာ..
အသာအယာ ဖြတ်ပြေးသွားတဲ့လိပ်ပြာ
အိပ်မက်ဟာ အိပ်မက်ထက် ပိုလှလာတယ်..၊



(သြဂုတ်)

လည်နေတယ် ဖန်လုံးထဲမှာ
အရုပ်လေးတွေ ကျောချင်းကပ်
သူဟာ ကိုယ့်ရဲ့  အစိတ်အပိုင်း တစ်ခု
ဖြစ်မှန်းမသိ ဖြစ်လာ
တစ်ယောက်မျက်နှာ တစ်ယောက် ငံ့လင့်နေသလို
လည်နေခဲ့တယ် တစ်ပတ်ပြီး တစ်ပတ်
တီးလုံး မြည်သံ သဲ့သဲ့နဲ့
ဘယ်သူသံပတ်လှည့် သွားခဲ့တာလဲ..၊



(စက်တင်ဘာ)

ကန်ရာသီ ၀ှက်ထားတဲ့စာထဲ
ခိုဖြူလေးရဲ့တောင်ပံခတ်သံ
ဒီတစ်ခါ
ရင်ခုန်သံ နည်းနည်းမြန်တယ်
မနက်ဖြန်စာအုပ်လေး ပါးပြီလား
မိုးတစ်ခေတ်လုံး စိုရွှဲသွားပါစေ
ခရီးဆက်ခဲ့တယ်
ရင်ခွင်တစ်ခုလုံး နွေးထွေးရာအရပ်ဆီ..၊



(အောက်တိုဘာ)

စုစုပြီး ပုံထားတဲ့
အရွယ်တူကျောက်တုံးလေး ၃၃၅
တရွေ့ရွေ့ တအိအိ ပြိုကျနေတဲ့
သဲမှုန်သဲစတွေကိုတော့
ကိုယ်မရေတတ်ဘူး
တစ်ဖက်ပြီးတော့ နောက်ထပ်တစ်ဖက်
ရေသူမလေးရဲ့ ကမ်းကပ်နေ့ရက်တွေဟာလည်း
ရောက်နိုင်ခဲလှရဲ့..၊



(နိုဝင်ဘာ)

မြဲမြံနေတဲ့...လက်အစုံနဲ့ပဲ
ကျောက်သားမျက်နှာပြင်ကို ထွင်းထုလို့ရခဲ့
ပထမဆုံး ပန်းပွင့်ရယ်သံ
ပထမဆုံး ခရမ်းရောင်သက်တံ့
ပထမဆုံး ပြိုင်တူခြေတစ်လှမ်း
အရယ်ချင်း ထိခတ်မိတော့
ပထမဆုံး လွင့်စင်လာတဲ့
ဆွတ်ပျံ့ဖွယ် တေးသံ
ဆယ်နှစ်ကြိုး တပ်လိုက်တဲ့အခါ
အ၀ါရောင်တွေသာ
တစ်ခင်းလုံး ပွင့်တဲ့ သစ္စာ...။


တယော

Saturday, 17 November 2012

နိုဝင်ဘာ လမ်းလေး



ကဗျာဆရာ
အဲလိုခေါ်တော့ သူကရယ်တယ်
ဟောသည် ကမ္ဘာကျယ်ကျယ်ထဲ
မြူမှုန်တစလိုပဲ ပြယ်သွားချင်ပါသတဲ့
ဒါဆိုရင် ကိုယ်ကတော့
နေမထွက်တဲ့အရပ်က
မြူမှုန်ကပ်ရပ်လေး ဖြစ်ချင်တယ်
သူ့ရယ်သံ ပိုကျယ်လာတယ်

သံသရာထဲက ထွက်ပြေးချင်သူအတွက်
ထာဝရ စကားလုံး ဆုပ်ကိုင်ထားတဲ့ကိုယ်က
ပေကပ်ကပ်ကောင်မလေးပေါ့
ကိုကို နာမ်စားတစ်လုံးထဲနဲ့
ကမ္ဘာတစ်ခုလုံး အပိုင်ရထားသလို
ပျော်တယ်
ဘာနဲ့မှမလဲနိုင်လောက်အောင်။
မှောင်တယ်...
ဘာကိုမှ မမြင်နိုင်တော့အောင်။

ကိုယ်က..
သူ့မျက်တောင် ထိပ်ဖျားမှာမှ
တွယ်ကပ်နေတဲ့ အမှိုက်တစ်စ
မျက်လွှာ ပိတ်ချလိုက်မှာကို ကြောက်တယ်။

လျပ်ရောင်တပြက်ဆိုရင်တောင်
ငြိတွယ်နိုင်ရဲ့။ ဘ၀မှာ
သူ့နှုတ်ခမ်းဖျားက လွတ်ထွက်လာမယ့်
ကဗျာ စာလုံးလေးဖြစ်ချင်တယ်။

သူပြောနေကျ မမြဲခြင်းဆိုတာ
ရိုးမြေကျ ရဲ့နောက်မှာ ကပ်ထားလို့ရခဲ့ရင်
မိုးမမြင် လေမမြင်
ဘ၀ကို မက်မောနေချင်တဲ့
ခပ်ညံ့ညံ့ ပိုးဖလံကောင်လေးပါ
အိပ်မက်တွေမကောင်းခဲ့ရင်တောင်
ညသန်းခေါင် ရှိုက်ငိုနေခဲ့
ကိုယ့်ရဲ့ သက်တန့်ရောင် မရှိတဲ့အရပ်ဟာ
စကြ၀ဠာထက် မှောင်တယ်။

အနက်ရောင်ကာလရှည်ထဲ
အလင်းနှစ်သန်းပေါင်းများစွာ
မျက်နှာချင်းဆိုင် မလောင်ကျွမ်းချင်ဘူး
ကိုယ်တို့ဟာ
စံပယ်ဖြူဖြူ နှစ်ပွင့်လို အတူတကွ
ဒါမှမဟုတ် မြူနှင်းနှစ်ပေါက်
အတူတူသာဆို အဲဒီနေပျောက်တွေကို
ကြောက်လိမ့်မယ်မထင်ဘူး
သစ်ရွက် ချွန်ချွန်လေးတွေနောက်မှာ
အိမ်တစ်အိမ်ရဲ့ အမိုးစွန်းအောက်မှာ။

တစ်စုံတစ်ယောက်ကို ဗဟိုပြုပြီးတဲ့အခါ
နေ့ရက်တိုင်းဟာ ပြည့်ပြည့်၀၀သာတဲ့လလို
တစိမ့်စိမ့် ဖောက်ဝင်စီးဆင်းခဲ့ပေါ့
ယုံကြည်မှုဆိုတာ
အလိုလို ရင်ထဲ ရောက်လာတဲ့အရာ
ကိုယ်တို့ဟာ အသေအချာ ပျော်ရွှင်ကြရမယ်
ယုန်ကလေးရဲ့ နားရွက်ရှည်ထဲ
ကိုယ့်အိပ်မက်..တိုးတိုးလေး ၀ှက်ထားခဲ့။

အပြာရောင် ရေစက်လေးတစ်စက်
တို့နှစ်ယောက်လက်ထဲက သစ်စေ့အ၀ါ
နှစ်တစ်ထောင် သက်ရှည်ပင်ကြီးမဟုတ်တောင်
သက်တမ်း တစ်ရာ နှစ်ရာ
တတ်နိုင်သမျှ စိမ်းလန်းကြမယ်
ဘယ်လိုမုန်တိုင်းမျိုးလာပါစေ
ကိုယ့်လက်ကို မလွှတ်လိုက်နဲ့။

ကိုယ်ပိုင်နံပါတ်တစ်ခုစီနဲ့ နိုဝင်ဘာ
ပူးတွဲ ချည်နှောင်ပေးလိုက်ကတည်းက
အကြိမ်ကြိမ်အခါခါရွတ်လည်း
မဝေးချင်ဘူး အသံသာတတွတ်တွတ်
တစ်စုံတစ်ရာ လွတ်ကျကွဲသွားမှာ စိုးရွံ့သလိုမျိုး
အဲဒီလို တစ်ကိုယ်စာညည်းချင်းတွေဟာ
ဆီးနှင်းတွေလို တပေါက်ပေါက်
နိုဝင်ဘာထဲ လမ်းလျောက်ထွက်သွားခဲ့တယ်...။

တယော